Knowledge

ဗိုလ်ချုပ်၏ ပါရမီဖြည့်ဖက် (သို့) မြန်မာ့ပထမဆုံးအမျိုးသမီးသံအမတ်

နေနှင့်လရွှေနှင့်မြပမာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်တို့ ဇနီးမောင်နှံမှာ လိုက်ဖက်လှသည်။ ယခုအခါ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၇၀ပြည့်ခဲ့ပြီ ဖြစ်သော်လည်း၊ ယနေ့တိုင် ပြည်သူလူထု တစ်ရပ်လုံးက လွမ်းဆွတ်တသ သတိရနေဆဲ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအား သတိရလေတိုင်း ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကိုလည်း သတိတရ ရှိကြလေသည်။ ဒေါ်ခင်ကြည်သည် ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကွယ်လွန်ခဲ့ရာ ယခုဆိုလျှင် အနှစ် ၃၀ ပြည့်တော့မည်ဖြစ်သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဂဠုန်ဦးစော၏ စေခိုင်းချက်အရ မသမာသူတို့၏ လုပ်ကြံခံရမှုကြောင့် ကျဆုံးသွားသည် ဟူသော သတင်းကို ကြားလျှင်ကြားခြင်း ပထမဆုံး သောကမီးတောက်လောင်ခြင်း ခံရသူမှာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ပင် ဖြစ်သည်။ ဒေါ်ခင်ကြည်သည် မိမိခင်ပွန်း၏ ရုပ်အလောင်းကို နေအိမ်သို့ ယူလာသောအခါ ခင်ပွန်းသည်အား မြန်မာ့ဂါရဝတရားအတိုင်း ဦးသုံးကြိမ်ချလေသည်။ သူ၏ မျက်စိတွင် ဝမ်းနည်းမှုကြောင့် မျက်ရည်စများ အများနည်းတူ တွေ့ကောင်း တွေ့ရပေလိမ့်မည်။ သို့သော် ဒေါ်ခင်ကြည်သည် စိတ်မာန်ကိုတင်း၍ မိမိကိုယ်ကိုမိမိ ချုပ်တည်းနိုင်သော အမျိုးသမီးဖြစ်လေသည်။

သူသည် ခင်ပွန်းသည် ကျဆုံးပြီးနောက် ဇူလိုင်လ ၂၅ ရက် သောကြာနေ့ ညပိုင်းအချိန်တွင် “တိုင်းပြည်သို့ မှာကြားချက်” ကို အသံလွှင့်ရုံမှတဆင့် ပြောဆိုခဲ့သေးသည်။“ကျွန်မ၏ ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်မှာပဲ အခုတော့ ကျဆုံးသွားရှာပါပြီ။ ဒီတော့ကာ ကျဆုံးသွားရတဲ့ လူတွေလည်း ကျဆုံးသွားကြပြီ ဖြစ်တဲ့အတွက် ချဲ့ထွင်လု့ိလည်း မပြောလိုတော့ပါဘူး။ ကျဆုံးတဲ့ပုဂ္ဂိုလ်များကို ချစ်ကြည်လေးစားကြရင်ဖြင့် သူတို့ရည်ရွယ်ထားတဲ့ ပန်းတိုင်အဝင်ရောက် အောင် ချမှတ်တဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ကြပါလို့ ပြောပါရစေတော့။ ကျွန်မမှာတော့ ကြီးလေးတဲ့ တာဝန်တွေကို ရှေ့ဆောင်ရှေ့ရွက်အဖြစ်နဲ့ မလုပ်နိုင်သေးလို့ နောက်ကနေပြီးတော့ပဲ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်များကို တနည်းတဖုံ ပြုစုအားပေးပြီး သူ့ရဲ့ရင်နှစ်ဖြစ်တဲ့ ကလေးများကို သူတို့ရဲ့ ဖခင်သွေးပီပီ ဖခင်လို ဖြစ်ထွန်းလာစေဖို့ ပြုစုပျိုးထောင်ပေးတော့မယ်လို့ ဆုံးဖြတ်ပြီးပါပြီ။

ကျွန်မနည်းတူ ကျွန်မနှင့် ကံတူအကျိုးပေး ဖြစ်ကြရတဲ့ ကျဆုံးသွားကြတဲ့ ခေါင်းဆောင်ကြီးများရဲ့ ဇနီးသည်များမှာလည်းဝမ်းနည်းပက်လက် ဖြစ်ကြပေလိမ့်မယ်လို့သိပါရဲ့။ဒါပေမဲ့ ကျွန်မ ပြောလိုတာကတော့ သူတို့ကို တကယ်ချစ်ရိုးမှန်ရင်ဖြင့် သူတို့ချမှတ်ထားခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြစေလိုပါတယ်။ ဒါမှပဲ သူတို့ကို ချစ်ရာခင်ရာ ရောက်ပါလိမ့်မယ်။ ဒီတော့ ကျွန်မတို့က အကောင်အထည်ပေါ်အောင် ဝိုင်းဝန်းပြီး အားပေးကြဖို့ လိုပါတယ်။ ကျွန်မတို့ တိုင်းသူပြည်သားများကလည်း ကျဆုံးသွားတဲ့ ပုဂ္ဂိုလ်ကြီးများကို လေးစားတဲ့အနေနဲ့ ဒေါသရှေ့ထားပြီး စိတ်လိုက်မာန်ပါ မပြုလုပ်ကြဘဲ၊ ကွယ်လွန်တဲ့ ပုဂ္ဂိုလ်များရဲ့ ချမှတ်ထားခဲ့တဲ့ လမ်းစဉ်အတိုင်း တသဝေမတိမ်း လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ ဖဆပလ အဖွဲ့ကြီးနဲ့၊ ဖဆပလ အစိုးရအဖွဲ့ကို အားလုံးထောက်ခံကြပြီး ကွယ်လွန်ရှာကြတဲ့ ခေါင်းဆောင်များရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လုံးဝလွတ်လပ်ရေး မရမနေ ကြိုးစားအားထုတ် ကြပါလို့သာ တိုင်းပြည်အား အပြီးတိုင်မှာကြားခဲ့ပါတယ်” ဟူ၍ ပြောကြားသွားခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးစဉ်က ကိုယ်တွေ့ကြုံခဲ့သော စာရေးဆရာမကြီး ခင်မျိုးချစ်ကလည်း “သြော် ဗိုလ်ချုပ်” ခေါင်းစဉ်ဖြင့် “တိုင်းရင်းသူ” ဂျာနယ် အတွဲ ၁ ၊ အမှတ် ၁၇ (၁၉၄၇ သြဂုတ်လထုတ်) တွင် ဤသို့ ဝမ်းနည်းကြေကွဲဖွယ် တင်ပြထားပါသည်-

ဇူလိုင်လ ၂၁ ရက် တနင်္လာနေ့တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဆီသို့ သွားခဲ့သည်။ ဗိုလ်ချုပ်၏ အိမ်ကြီးကို မြင်ရလျှင်ပင် ကျွနု်ပ်မှာ စိတ်မကောင်းမျက်ရည်ကို နိုင်အောင်သုတ်ပစ်ပြီး ဒေါ်ခင်ကြည်နှင့် တွေ့ခဲ့သည်။ သူ့ခမြာကား ငိုတော့ မငို၊ အိန္ဒြေရစွာ ထိုနေ့က အဖြစ်အပျက်တွေကို ပြန်ပြောပြရှာသည်။ ကျွနု်ပ်ကား သူပြောသမျှကို နားထောင်၍ နှစ်သိမ့်စကားပင် မပြောနိုင်တော့ပါ။ ပြောရန်လည်း မလိုတော့ပြီ။ ဤမျှလောက်ကြီးလေးသော ပရိဒေဝကို ဘယ်လိုစကားနှင့် နှစ်သိမ့်ရပါမည်နည်း။

ဒေါ်ခင်ကြည်ကို မြင်ရသောအခါ အင်္ဂလိပ်စာဆိုတော်ကြီး တင်နီဆင် (F.Tennyson Jesse) ရေးဖွဲ့သည့်ကဗျာတစ်ပုဒ်ကို သွားသတိရမိသည်။ ထိုကဗျာမှာ “ကျဆုံးသော စစ်သူကြီးကို အိမ်သို့ယူဆောင်လာကြသည်” ဟူသော ဝါကျနှင့်အစချီထားသည်။ ထိုကဗျာတွင် စစ်သူကြီး၏ ဇနီးသည် မျက်ရည်တစ်စက်မှ မကျဘဲ အလောင်းကို စိုက်ကြည့်နေပုံမှာ ယခု ဒေါ်ခင်ကြည်၏ အဖြစ်နှင့် တူလှတော့သည်။ ဒေါ်ခင်ကြည်နှင့်အတူ အမဖြစ်သော ဦးသိန်းလှ၏ ဇနီး ဒေါ်ခင်တင့်နှင့် သခင်သန်းထွန်း၏ ဇနီး ဒေါ်ခင်ကြီး၊ ညီမ မအမာတို့ကို တွေ့ရသည်။ သူတို့သုံးယောက်မှာ ဒေါ်ခင်ကြည် ဧည့်သည်များနှင့် စကားပြောနေစဉ် တဘက်ခန်းတွင် မျက်ရည်စက်လက်နှင့် ထိုနေ့က အကြောင်းကို ပြောနေကြသည်။

သေရင်တော့ အော်ငိုမှာပဲ

ဦးသိန်းလှ၏ဇနီးဖြစ်သူ အမကြီး ဒေါ်ခင်တင့်က ဗိုလ်ချုပ်တို့ သေနတ်ပစ်ခံရသည်ကြား၍ ဆေးရုံသို့ လိုက်သွားရာ ဒေါ်ခင်ကြည်မှာ ဗိုလ်ချုပ်ရှိသည့်အခန်းထဲသို့ ဝင်သွားသဖြင့် အပြင်က စောင့်ကာ “သေရင်တော့သူအော်ငိုမှာပဲ” ဟုအောက်မေ့ပြီး သူနားထောင်နေသည်။ သို့သော် ဒေါ်ခင်ကြည်ငိုသံကိုကား မကြားရ၍ တော်ရုံထိတာ ဖြစ်သည်ဟု ထင်နေဆဲတွင် ဆရာဝန်တစ်ဦး ထွက်လာပြီး ဗိုလ်ချုပ် ဆုံးကြောင်း ပြောမှ သိရတော့သည်ဟု ကျွန်ုပ်အား ပြောပြ၏။ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်၏ အလောင်းကို သူကိုယ်တိုင်ပွေ့၍ အိမ်သို့ကားနှင့် ယူလာရာ ကားဟွန်းသံကြားလျှင် ကလေးများက ဖေဖေပြန်လာပြီဟု မြူးတူးဆင်းကြိုကြသည်ကို အစ်မကြီး ဒေါ်ခင်တင့်က သူ့စိတ်ကို မနည်းပင် ထိန်းထားရသည်ဟု ပြောသောအခါ ကြားရသူအားလုံးပင် ကြေကွဲခဲ့ရသည်။

ဂျူဗလီဟောသို့ မယူမီ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်၏ အလောင်းကို သူကိုယ်တိုင် စစ်ယူနီဖောင်း အပြည့်အစုံ ဝတ်ပေးသည်။ “ကျမစိတ်ထဲမှာ ရုံးသွားခါနီး အဝတ်အစား လဲပေးရသလိုပဲ” ဟု ကျွနု်ပ်ကို ပြောသေးသည်။ ကလေးတွေကား သူ့ဖခင်၏ အဖြစ်ဆိုးကို မသိရှာကြပေ။ ဗိုလ်ချုပ်အလောင်းကို ဂျူဗလီသို့ ပို့ပြီးနောက် “ဖေဖေ ဂျူဗလီကို အစည်းအဝေးသွားတာ ပြန်မလာသေးဘူးလား” မေးသေးသည်။

ဗိုလ်ချုပ်တသက်တာ အပျော်ဆုံးအချိန်

သြော်… ဒေါ်ခင်ကြည်၊ ဒေါ်ခင်ကြည်။ ဗိုလ်ချုပ်ကို ပြုစုယုယတာတွေ ကျွန်ုပ်တို့ မျက်မြင်မို့ ပို၍ စိတ်မကောင်း ဖြစ်မိသည်။ ဗိုလ်ချုပ်သည် လူထုခေါင်းဆောင်ကြီး၊ ဧရာမလူကြီး ဖြစ်သော်လည်း ဒေါ်ခင်ကြည်နှင့်ကျလျှင် ကလေးဆိုးကြီး ဖြစ်သည်။ ဒေါ်ခင်ကြည်ကိုယ်တိုင် ကလေးကို ရေချိုး၊ အဝတ်လဲပေးသည်အထိ ပြုစုယုယသည်ကိုပြောလျှင် ယုံဖွယ်မရှိ။ တကယ်မျက်မြင်ကိုယ်တွေ့မြင်ရမှ အံ့သြမိသည်။ ဗိုလ်ချုပ်၏ တသက်တာတွင် ဒေါ်ခင်ကြည်နှင့် နေထိုင်ရသော ရက်များမှာ အပျော်ရွှင် အအေးချမ်းဆုံး ဖြစ်ပေလိမ့်မည်။ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အား မည်သူမျှ မပေးနိုင်သော စိတ်ချမ်းသာမှုကို ပေးနိုင်ခဲ့လေသည်။

အီဗရာဟင်လင်ကွန်း လုပ်ကြံခံရစဉ်က

ဗိုလ်ချုပ်အတွက်ကား အမေရိကန်သမ္မတ အီဗရာဟင်လင်ကွန်း လုပ်ကြံခံရစဉ်က သူ၏ ရဲဘက်တော်တစ်ဦးက ပြောသော စကားနှင့် ကိုက်ညီနေတော့သည်။ ထိုစကားကား “သစ်ပင်ကြီး အတိုင်း အရှည်ကို မြေသို့ ဘုံးဘုံးလဲကျသည့် အခါတွင် ကောင်းစွာ သိရသည်” ဟူသော စကားပင် ဖြစ်၏။ ဗိုလ်ချုပ်သည် လူထုခေါင်းဆောင်အဖြစ်နှင့် မြင့်မြင့်မားမားကြီး ရပ်တည်နေစဉ်က ဗိုလ်ချုပ်၏ ဂုဏ်ရည်ကို တင်းပြည့်မခန့်မှန်းနိုင်သော်လည်း ယခုအခါ လူယုတ်မာတို့၏ လက်ချက်ဖြင့် မြေသို့ ဘုံးဘုံးလဲကျသည့် အခါတွင် ကောင်းစွာသိရလေပြီ။“သြော် ဗိုလ်ချုပ်… ဗိုလ်ချုပ်။ အရိုးဆွေးသည်အထိ လွတ်လပ်ရေးအတွက် တိုက်ပါမည်ဟူ၍ များ ဆုပန်ခဲ့လေသလား”

ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်ကျဆုံးပြီးနောက် ခင်ပွန်းသည် ချမှတ်ခဲ့သော တိုင်းပြုပြည်ပြု လုပ်ငန်းများကို အမျိုးသားရေး ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။ သို့ကလို ၎င်း၏ ဘဝတလျှောက်လုံးတွင် တိုင်းပြည်အကျိုးကို ရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ ၊ ကိုယ်ကျိုးစွန့်လွှတ်မှုနှင့် ရိုးသားတည်ကြည် ဖြောင့်မတ်မှုတို့ကို အမြဲတစေ ဦးထိပ်ထား အရေးပေးခဲ့သော ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၌ အဖ ပြည်သူ့လုပ်ငန်းဌာနဝန်ထမ်း ဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ အင်္ဂါနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉) ဦး အနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်ထက် ၃ နှစ်ကြီးလေသည်။

ဒေါ်ခင်ကြည်သည် ငယ်စဉ်က မြောင်းမြမြို့တွင် သတ္တမတန်းအထိ ပညာသင်ခဲ့သည်။ ယင်းနောက် ရန်ကုန်မြို့၊ ကြည်မြင့်တိုင် အေဘီအမ် (အမေရိကန်သာသနာပြုကျောင်း) မိန်းကလေးကျောင်းတွင် ပညာဆည်းပူးခဲ့ပြီးနောက် မော်လမြိုင် မော်တင်လိန်း ဆရာအတတ်သင်ကျောင်းသို့ တက်ရောက်ခဲ့သည်။ ထို့နောက် မြောင်းမြမြို့ အမျိုးသားကျောင်း၌ စေတနာ့ဝန်ထမ်း ဆရာမအဖြစ်နှင့် နှစ်အနည်းငယ်ကြာ အမှုထမ်းခဲ့ပြီး မိမိ၏ ဗီဇပါရမီနှင့် ကိုက်ညီသော သူနာပြု ဆရာမအလုပ်ကို လုပ်ကိုင်နိုင်ရန် ရန်ကုန်ဆေးရုံကြီးနှင့် ဒပ်ဖရင့်ဆေးရုံ (ယခုဗဟိုအမျိုးသမီးဆေးရုံ) တို့တွင် သူနာပြု ဆရာမသင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။

သူနာပြုသင်တန်းဆင်းပြီး ရှေးဦးစွာ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုဆရာမ အဖြစ် တာဝန်ထမ်းဆောင် ခဲ့လေသည်။ ထိုစဉ်အတွင်း ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၄၅) ဖြစ်ပွားခဲ့ရာ၊ ကာလကတ္တားသို့ လူနာအချို့အား ပြောင်းရွှေ့ပေးသော အဖွဲ့၌ စေတနာဝန်ထမ်းအဖြစ် ပါဝင်ခဲ့ပြီး စစ်ကြီးမဖြစ်မီ အိန္ဒိယနိုင်ငံမှ နောက်ဆုံးသင်္ဘောဖြင့် ပြန်လည်လိုက်ပါလာခဲ့သည်။ ဒေါ်ခင်ကြည်သည် ၁၉၄၂ ခုနှစ် စစ်ကြီးအတွင်း ရန်ကုန်မြို့ ဂေါ်ရာကုန်း ဒိုင်အိုစီဇင် မိန်းကလေး ကျောင်း၌ ဒေါက်တာဘသန်း ဦးဆောင်၍ မြန်မာနိုင်ငံ၌ ပထမဆုံး ဆေးရုံကို ဖွင့်လှစ်ခဲ့သော ဘီဒီအေ ဆေးရုံကြီး၌ အစ်မဖြစ်သူ ဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံး ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဂျပန်ခေတ် ဘီဒီအေ ဆေးရုံကြီး (နောင် စစ်ရုံးချုပ်၊ ယခုနိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်) တွင် သူနာပြုချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် လူနာအဖြစ် ဆေးရုံတက်လာသော ဗိုလ်ချုပ်အောင်ဆန်း နှင့် တွေ့ဆုံမေတ္တာမျှခဲ့သည်။

ထို့နောက် ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက် တနင်္ဂနွေနေ့တွင် ဂျပန်ခေတ် ဘီဒီအေ ဆေးရုံကြီး အရှေ့ဘက် အစွန်ဆုံး ခန်းမဆောင်တွင် လက်ထပ်ထိမ်းမြှားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သားအောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် သမီး အောင်ဆန်းစုကြည် တို့ ထွန်းကားခဲ့သည်။ ၁၉၄၆ စက်တင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့တွင် အောင်ဆန်းချစ်ဟူသော သမီးထွေးတစ်ယောက် ထပ်မံထွန်းကားခဲ့သော်လည်း မွေးပြီး ငါးရက်မြောက်နေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် ကွယ်လွန်သွားခဲ့လေသည်။

ထိုသတင်းကို ကြားကြားချင်း ဗိုလ်ချုပ်တယောက် တချက်မျှ ငိုင်သွားကာ ……”အင်း …အိမ်ထောင်ကျတဲ့ ၄နှစ်ကျော်အတွင်း ကလေးလေးယောက်ရလို့ များလှတယ်ဆိုပြီး စိတ်တော့ ညစ်မိပါတယ်။ ဒါပေမယ့် ရပြီးမှတော့ ကလေးကို မသေစေချင်ဘူး …သိပ်နှမြောတာပဲဗျာ” ဟု ညည်းရှာလေသည်။ နိုင်ငံရေးကိစ္စ အ၀၀တွေကြောင့် အလွန်အလုပ်များလျှက် ရှိသော သူ၏ခန္ဓာကိုယ်အတွင်းရှိ နှလုံးသားထဲမှ ဖခင်တို့၏ ချစ်ခြင်းမေတ္တာအဟုန်လည်း ပေါက်ကွဲထွက်လာလေသည်။ တဖန် သားလတ် အောင်ဆန်းလင်းမှာ ဗဟန်းမြို့နယ် အမှတ် ၂၅ တာဝါလိန်းလမ်းနေအိမ် (ယခု ဗိုလ်ချုပ် ပြတိုက်) ရှိ ရေကန်တွင် ကစားနေရင်း ဖိနပ်ဆယ်ရာမှ ၁၉၅၃ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရေနစ်သေဆုံးသွားခဲ့ရ ပြန်သည်။

ဒေါ်ခင်ကြည်သည် လူမှုရေး အဖွဲ့အစည်းများ ၊ အများအကျိုးနှင့်ဆိုင်သော အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်၍ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့ ညွှန်ကြားရေးဝန် (၁၉၄၇-၅၃)၊ လူမှုရေးဝန်ထမ်းကော်မရှင်ဥက္ကဌ (၁၉၅၃-၅၈)၊ပြည်ထောင်စုမြန်မာနိုင်ငံလူမှုဝန်ထမ်းကောင်စီဥက္ကဌ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဥက္ကဌ၊ ကလေးသူငယ်စောင့်ရှောက်ရေး ကောင်စီဥက္ကဌ၊ ကျန်းမာရေးနှင့် ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဌ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန့်ပွားရေးအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ ရာမာခရစ်ရှ်နာ သာသနာပြုဆေးရုံနှင့် စာကြည့်တိုက် ဒုတိယဥက္ကဌ ၊ မြန်မာနိုင်ငံသူနာတင်ကား တပ်ဖွဲ့တွင် အုပ်ချုပ်ရေးမှူး စသည့် လူမှုဝန်ထမ်း လုပ်ငန်းများကို ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် သာသနာပြုလုပ်ငန်းများကို မွန်မြတ်သော လုပ်ငန်းအဖြစ် အများက စိတ်ဝင်စား၍ ခံယူလာရန် ရှေးဦးစွာ စည်းရုံးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဒေါ်ခင်ကြည်သည် နိုင်ငံတော်ကို ကိုယ်စားပြု၍ ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေး ညီလာခံများသို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တက်ရောက် ဆွေးနွေးခဲ့သည်။ ၁၉၅၈ တွင် ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းကွဲပြီးနောက် သန့်ရှင်းဖဆပလ (ပြည်ထောင်စုပါတီ) ၏ စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ၁၉၆ဝ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် ပထစ အစိုးရက ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ယင်းနောက် ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ခဲ့သည်။ ဒေါ်ခင်ကြည်သည် ယနေ့အချိန်အထိ မြန်မာအမျိုးသမီး လောကတွင် သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည့် တစ်ဦးတည်းသော အမျိုးသမီးကြီးဖြစ်သည်။ သံအမတ်ကြီးအဖြစ် ၇ နှစ်တာဝန်ထမ်းရွက်ခဲ့ပြီးနောက် ၁၉၆၇ ခုနှစ်တွင်အငြိမ်းစားယူခဲ့သည်။ အငြိမ်းစား ယူပြီးနောက် မိမိနေအိမ်ခြံထဲက ဥယျာဉ်ကလေးတွင် ပန်းပင်ကလေးများ စိုက်ပျိုးကာ လောကဓံ တရားကို ကြံ့ကြံ့ခံနေထိုင်ခဲ့လေသည်။

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ၁၉၈၆ တွင် မျက်စိတိမ် ခွဲစိတ်ကုသရန် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက် ကုသခဲ့သည်။ ၁၉၈၈ ခုနှစ်၊ မတ်လ ၂၈ရက်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားနေရသော်လည်း၊ ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် ဒီမိုကရေစီ တိုက်ပွဲ ဆင်နွဲနေကြသော အဖြစ်အပျက်များကို ကောင်းစွာ သိရှိခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ ကိုဖုန်းမော် သေဆုံးရခြင်းကို ကြားသိရသောအခါ လွန်စွာဝမ်းနည်းခြင်း ဖြစ်ခဲ့သည်။ သူ၏ဒုတိယအကြိမ် လေဖြတ်ခြင်း ဝေဒနာကို ခံစားရပြီးနောက်၊ ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နံနက် ၇ နာရီ ၁၇ မိနစ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏လက်ပေါ်၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ် အရွယ်ရှိပြီ ဖြစ်သည်။ သူ့အား ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး တွင်သဂြိုဟ်ခဲ့သည်။ ထိုနေရာတွင်ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဦးသန့် ၊ စုဖုရားလတ်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။

ဒေါ်ခင်ကြည်သည် ၁၉၅ဝ ပြည့်နှစ် အမေရိကန်ပြည်ထောင်စုမှ အပ်နှင်းခဲ့သော မြန်မာမိခင်ဘွဲ့ကို လည်းကောင်း၊ ၁၉၅၁ တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်ပေးခဲ့သော မဟာသီရိသုဓမ္မ ဘွဲ့ကိုလည်းကောင်း၊ ၁၉၅၅ တွင် ယူဂိုစလားဗီးယားနိုင်ငံ သမ္မတကြီး မာရှယ်တီးတိုးက အပ်နှင်းသော ယူဂိုစလားဗီးယား ကြယ်တာရာဘွဲ့တံဆိပ် (ဒုတိယဆင့်) နှင့် ထိုင်းနိုင်ငံအစိုးရက အပ်နှင်းသော Noble Order ခေါ် မြင့်မြတ်သော ဘုရင့်သရဖူ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တို့ကို ရရှိခဲ့သည်။

သန်းဝင်းလှိုင်(မိုးမခဂျာနယ်)