Knowledge


ပညာရေးဖက်ကို လှည့်လာပြီဖြစ်တဲ့ အာဏာရှင် သေနတ်ပြောင်း ဆရာ ဆရာမတွေကို စိန်ခေါ်ပြီ..

“အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်ရှိသဖြင့် ကျောင်းဥပတိရုပ်ကောင်းမွန်စေရေး ပြင်ဆင် ဆောင်ရွက်” တဲ့ဗျ။ ကျောင်းတွေပြန်ဖွင့်ဖို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့စွဲနဲ့ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးတွေထံ အကြောင်း ကြားစာပို့တယ်လို့ ဒီနေ့ထုတ် စံတော်ချိန်သတင်းစာမှာ မျက်နှာဖုံး သတင်းအနေနဲ့ ဖော်ပြထားတာ ဖတ်လိုက်ရ ပါတယ်။

အဲဒီမှာ စတွေ့ပြီ.. ဆရာတွေ ဆရာမတွေက CDM မှာ ပါဝင်တယ်ဆိုပြီး နိုင်ငံအနှံ့ ဆန္ဒပြနေကြတယ်။ သွေးတိုးစမ်းတဲ့ အနေနဲ့ ကျောင်းဖွင့်မယ်ဆိုပြီး ပညာရေးဝန်ကြီးသစ်က စိန်ခေါ်တယ်။

“ကျုပ်တို့က ကျောင်းတွေကို ဖွင့်ပေးတာပဲ သူတို့က သပိတ်မှောက်နေတာ” ဆိုပြီး ကျောင်းသားနဲ့ ဆရာတွေကြား မိဘနဲ့ ဆရာတွေကြား သွေးခွဲတော့မယ်။ ဒီလ ဒီရာသီဟာ အမှန်အတိုင်း ပြောရရင် နွေရာသီကျောင်းပိတ်ရက်ကာလအတွက် စာမေးပွဲတွေကို ပြင်ဆင် ဆောင်ရွက်နေကြရတဲ့ အချိန်ပေါ့။ တစ်နှစ်လုံး စာတွေသင်ခဲ့ပြီး နောက်ဆုံးစစ်ဆေးခြင်းတွေနဲ့ အကဲဖြတ်နေရ တော့မယ့်အချိန်တွေပေါ့။ မကြာမီပူတော့မယ်။ ပူအိုက်တဲ့ရာသီကို ရှောင်နိုင်ဖို့ ကျောင်းတွေလည်း ပိတ်ရတော့မယ်။

ကိုဗစ်ကြောင့် ကျောင်းတွေကို မဖွင့်နိုင်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး တိုင်းပြည်ရဲ့အာဏာ၊ ပြည်သူတွေထံကအာဏာကို မတရား လုယူသိမ်းပိုက်လိုက်တာကြောင့် တစ်တိုင်း ပြည်လုံး အုံကြွ ဆန္ဒပြနေကြတဲ့အပြင် ဝန်ထမ်းတိုင်း CDM ဆိုပြီး သပိတ်မှောက်နေချိန်မှာ ပညာရေးဌာနနဲ့ သွေးတိုးစမ်းလိုက်တာ ဖြစ်ပါတယ်။

ကျန်းမာရေးဌာနက ဝန်ထမ်းတွေကတော့ ညီညွတ်ခိုင်မာကြပါတယ်။ လုပ်ငန်းခွင်က ထွက်ခွာကုန်တာကြောင့် နိုင်ငံပိုင် သတင်းစာတွေထဲကနေ “ကျန်းမာရေးဝန်ထမ်းများအား ပန်ကြားချက်” ဆိုပြီး ထုတ်ပြန်ကာ ပြန်လည် ခေါ်နေရချိန်ဖြစ်ပါတယ်။

ဒီလိုအကျပ်ရိုက်နေချိန်မှာ ပညာရေးဌာနက ဆရာတွေ ဆရာမတွေကို “မဲမသာမာမှု” ဆိုတာနဲ့ စော်ကားပြီး ပူးပေါင်းပါဝင်သယောင်၊ ရွေးကောက်ပွဲကို မရိုးမသားလုပ်ခဲ့သယောင် စွပ်စွဲလုပ်ဆောင်ခဲ့ပြီးမှ “ကျုပ်တို့ကျောင်းဖွင့်တယ်” ဆိုတဲ့ အပေါက်မျိုးထချိုးလိုက်တာပါ။

အဲဒီမှာ ကြောက်တတ်တဲ့ ကျောင်းအုပ်တွေနဲ့ မကြောက်တတ်တဲ့ ဆရာတွေ ဆရာမတွေ ထိပ်တိုက်တိုးပါ လိမ့်မယ်။ “ရုံးမတက်နဲ့ ရုန်းထွက်” လို့ ဆန္ဒပြတောင်းဆိုနေမှုတွေကနေ
“ကျောင်းမတက်နဲ့ ကျောင်းထွက်” ဆိုတဲ့ အနေအထားဆိုးကြီးတစ်ခုဆီ မရောက် ရောက်အောင် ပညာရေးဝန်ကြီးအသစ်ဆိုသူက ဖန်တီးပေးနေတာ သိသာလွန်းပါတယ်။ အငြိမ်းစား ဆရာတစ်ဦးအနေနဲ့ရော ပြည်သူတစ်ဦးအနေနဲ့ပါ မရိုးသားတဲ့ အမိန့်ကို ဆန့်ကျင်ကန့်ကွက်ပါတယ်။

ဒီနေ့ထုတ် ကြေးမုံသတင်းစာထဲမှာလည်း ပြည်သူချစ်သော အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ ကိုပေါက်၊ လူမင်း၊ ဝိုင်း၊ ဏကြီးနဲ့ အနဂ္ဂတို့ကို “သတင်းပေး တိုင်ကြားနိုင်” ဆိုပြီး ဝရမ်းပြေးလိုလို အကွက်ဆင်ကာ သတင်းထုတ်ပြန်တာကိုလည်း ကန့်ကွက် ရှုတ်ချပါတယ်။

အနုပညာရှင်တွေရဲ့ဘဝ ဆရာ၊ ဆရာမတွေရဲ့ဘဝ ကျန်းမာရေးဝန်ထမ်းတွေရဲ့ဘဝ ပြည်သူတွေအားလုံးရဲ့ဘဝတွေဟာ မငြိမ်းချမ်း မလုံခြုံတော့ပါဘူး။ အကြမ်းဖက်ဖမ်းဆီးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးထဲကို ပြန်ရောက်သွားရတဲ့ အနေအထားတစ်ခု ဖြစ်နေပါတယ်။ အကွက်အမျိုးမျိုးဆင်ပြီး ပြည်သူတွေကို ဒုက္ခပေးနေတာ ရပ်သင့်ပါပြီ။

ဆရာတို့ ဆရာမတို့ ကိုယ့်ဘက်လှည့်လာတဲ့ အာဏာရှင် သေနတ်ပြောင်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ပြင်ဆင်ထားကြပါ။

တင်ညွန့် (၁၈.၂.၂၀၂၁)