Knowledge

အာဏာရှင်အလိုမရှိကြောင်း စာရေးပြီး ဓာတ်ပုံရိုက်တင်ခဲ့သည့် ကြံခင်းရဲတပ်သား ၂ ဦး အဖမ်းခံရ

စစ်တပ်အာဏာသိမ်းပြီး ၃ ရက်မြောက်နေ့မှာ အာဏာရှင်စနစ် အလိုမရှိကြောင်းစာရေးပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ ရဲဒုတပ်ကြပ်နဲ့ ရဲတပ်သားတို့ကို ကြံခင်းမြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်သားညီအစ်ကို နှစ်ဦးလုံး မနေ့ညပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စခန်းမှူးကို ခွင့်တောင်းခံပေမယ့် ခုချိန်ထိ တွေ့ခွင့်မရရသေးဘူးလို့ ဖခင်ဖြစ်သူ ဦးသန့်စင်က DVB ကို ပြောပါတယ်။

“လူငယ်ဆိုတော့ သူတို့ရင်ထဲရှိတဲ့အတိုင်း ရေးပြီးတင်တာဖြစ်မှာပါ၊ အဲ့တာကို ခုလို ဖမ်းဆီးလိုက်တယ်။ သား ၂ ယောက်ကို တွေ့ချင်တယ်ပြောတော့ စခန်းမှူးက သူနဲ့တွေ့ပါလို့ ပြောတယ်၊ ခုထိ မတွေ့ရဘူး။ ခုလို အာဏာရှင်စနစ်ကို လက်မခံကြောင်းပြောလို့ သား ၂ ယောက်စလုံး အချုပ်ထဲရောက်သွားတာ ဂုဏ်ယူပါတယ်။ ကျနော်ကိုယ်တိုင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကနေ နုတ်ထွက်ခဲ့တဲ့သူ ဖြစ်တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူနှစ်ဦးမှာ ရဲတပ်သား သူရိန်လင်းနဲ့ ရဲဒုတပ်ကြပ် တာရာလင်းတို့ဖြစ်ပါတယ်။

နှစ်ဦးလုံးဟာ အာဏာရှင်စနစ် အလိုမရှိ၊ အာဏာရှင်ဖိနှိပ်မှု ပြည်သူဘက်က ကာကွယ်မယ့်အကြောင်း စာတင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။

ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်နဲ့ ရဲဒုတပ်ကြပ် တာရာလင်းက လုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့ ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။

အခုလို စာတင်တာနဲ့ပတ်သက်ပြီး ကြံခင်းမြို့မ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း – မင်းထက်မုန်း